အပူဒဏ်ကြောင့် နှလုံးမပျက်စီးစေဖို့ဆိုရင်
ရာသီဥတုက ပူပြင်းတဲ့အခါ စိတ်ရောကိုယ်ပါ ညှိုးနွမ်းရတာ အမှန်ပါ။ အပြင်က ရာသီဥတုနဲ့အပြိုင် တက်လာတဲ့ ခန္ဓာကိုယ်အပူချိန်ကို လျှော့ချဖို့ ခန္ဓာကိုယ်က ပုံမှန်ထက်ပိုပြီး အလုပ်လုပ်ရတဲ့နေရာမှာ နှလုံး၊ အဆုတ်နဲ့ ကျောက်ကပ်လို ကိုယ်တွင်းအင်္ဂါတွေက ထိပ်ဆုံးက ပါပါတယ်။
အပူဒဏ်ကို ခုခံကာကွယ်ဖို့ နှလုံးဟာ ပုံမှန်ထက် ၂ ဆကနေ ၄ ဆအထိ အလုပ်လုပ်ရပါတယ်။ အရေပြားကို သွေးတွေပိုမိုရောက်ရှိပြီး ခန္ဓာကိုယ်အပူချိန်ကို လျှော့ချနိုင်ဖို့အတွက်ပါ။
အကယ်၍ နှလုံးရောဂါအခံရှိနေရင် ကျဥ်းနေတဲ့ သွေးကြောတွေက အရေပြားကို သွေးရောက်အောင် မြန်မြန်မပို့နိုင်သလို နှလုံးက လုံလောက်စွာ ညှစ်နိုင်မှာ မဟုတ်တဲ့အတွက် ခန္ဓာကိုယ်အပူချိန်ကို လျှင်မြန်စွာ လျှော့ချနိုင်ခြင်းမရှိဘဲ အပူသင်တုန်းဖြတ်ခြင်း ခံစားရနိုင်ပါတယ်။
နှလုံးကနေ အရေပြားကို ပုံမှန်ထက်ပိုပြီး သွေးတွေပို့ဆောင်ပေးရတဲ့အခါ ဦးနှောက်ကို သွေးစီးဆင်းမှု နည်းသွားတတ်ပါတယ်။ ဒါ့အပြင် ချွေးထွက်များတဲ့အခါ ချွေးထဲမှာ ဆိုဒီယမ်နဲ့ ပိုတက်ဆီယမ်ဓာတ်တွေ ဆုံးရှုံးသွားလို့ သွေးပေါင်ချိန် ကျလွယ်ပါတယ်။ ဒီအချက်တွေကြောင့် အရမ်းပူတဲ့အခါ ခေါင်းမူး၊ ခေါင်းကိုက်တာမျိုး ခံစားရတာပါ။
Beta Blockers, ACE Receptor Inhibitors, Calcium Channel Blockers စတဲ့ သွေးကျဆေးတွေနဲ့ ဆီးဆေးတွေ စွဲသောက်နေရသူတွေမှာ ရေဓာတ်ခမ်းခြောက်ခြင်း၊ နှလုံးခုန်နှုန်းနှေးခြင်းတွေကြောင့် အပူဒဏ်ကို လျှင်မြန်စွာ တုံ့ပြန်နိုင်ခြင်း မရှိပါဘူး။ ဒါကြောင့် ဒီဆေးတွေ စွဲသောက်နေရပြီး အသက် ၅၀ ကျော်တဲ့သူ၊ အဝလွန်တဲ့သူတွေဟာ ရာသီဥတုပူလာရင် သတိထားရပါမယ်။
ရာသီဥတု ပူလာရင် ဘာလုပ်ရမလဲ?
- အပြင်မှာ အရမ်းပူနေရင် အိမ်ထဲကို နေရောင်ခြည်တွေ မဝင်အောင် တံခါးပိတ်တာ၊ ခန်းဆီးတပ်ထားတာ၊ အဲယားကွန်း ဖွင့်ထားတာမျိုး လုပ်ပါ။ အပြင်က ပိုအေးနေရင်(ဥပမာ…ညနေနဲ့ ညဦးပိုင်း) ပြတင်းပေါက်နဲ့ တံခါးတွေ ဖွင့်ထားပါ။
- ရေများများသောက်ပါ။ ရေသောက်တာက ရေဓာတ်ကို ပြန်ဖြည့်ပေးသလို အပူဒဏ်ကိုလည်း ခံနိုင်ရည် ရှိစေပါတယ်။ ချွေးထွက်များရင် ဓာတ်ဆားရည်ပါ သောက်နိုင်ပါတယ်။ အရက်၊ ဘီယာ၊ အချိုရည်၊ လက်ဖက်ရည်၊ ကော်ဖီတွေက ရေဓာတ်ကို ပိုမိုခမ်းခြောက်စေလို့ ရှောင်သင့်ပါတယ်။ နှလုံးပျက်စီးလို့ (Heart Failure) ရေလျှော့သောက်နေရသူတွေက သောက်သင့်တဲ့ ရေပမာဏကို ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီးမှ သောက်ပါ။
- မနက် ၁၀ နာရီကနေ ညနေ ၃ နာရီအတွင်း ဖြစ်နိုင်ရင် အပြင်မထွက်ပါနဲ့။ အိမ်ထဲမှာ အေးနိုင်သမျှ အအေးဆုံးနေရာကို ရှာပြီးနေပါ။
- မတတ်သာလို့ အပြင်ထွက်ရရင် နေရောင်ကာခရင်မ် လိမ်းပါ။ တတ်နိုင်သမျှ အရိပ်ရတဲ့နေရာ ရှာပြီးနေပါ။ ထီး၊ ဦးထုပ်ဆောင်းပါ။ နေရောင်ခြည်ဒဏ် ကာကွယ်ပြီး ချွေးစုပ်တဲ့ ပွပွချောင်ချောင်ချည်ထည်တွေ ရွေးချယ်ဝတ်ဆင်ပါ။
- ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေ လုပ်ခြင်းမှ ရှောင်ကြဥ်ပါ။
ချွေးအလွန်အမင်းထွက်တာ၊ ချွေးမထွက်ဘဲ ခန္ဓာကိုယ်တရှိန်ရှိန် ပူလာတာ၊ ခြေလက်တွေ အေးစက်လာတာ၊ ပျို့အန်တာ၊ ခေါင်းကိုက်တာ၊ မောတာ၊ ကယောင်ကတမ်းပြောတာ၊ သတိလစ်တာ စတဲ့ အပူသင်တုန်းဖြတ်တယ်လို့ သံသယရှိစရာ လက္ခဏာတွေ ဖြစ်ရင် ဆေးရုံဆေးခန်း ချက်ချင်းသွားပါ။ ဆေးရုံဆေးခန်း မသွားခင်ရော သွားနေစဥ်မှာပါ အဝတ်အစားအထူတွေ ဖယ်ရှားပြီး ရေပတ်တိုက်တာ၊ နဖူး၊ ချိုင်းကြား၊ ပေါင်ခြံတွေမှာ ရေပတ်ဝတ်ကပ်ထားတာ၊ ရေတိုက်တာတွေ (သတိလစ်နေရင် မတိုက်ရပါ) တောက်လျှောက်လုပ်ဖို့ မမေ့ပါနဲ့။
အပူဒဏ်က တကယ်ကို ကြောက်စရာကောင်းတဲ့ အရာပါ။ အထူးသဖြင့် နှလုံးရောဂါအခံရှိရင် ပိုပြီး မပေါ့ဆသင့်ပါဘူး။ နှလုံးရောဂါအခံလည်းရှိ အသက်အရွယ်လည်း ကြီးရင် ပိုပြီး ဂရုစိုက်ကြဖို့ သတိပေးပါရစေ။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်